မုတ္တမပင်လယ်ကွေ့ဒေသ၏ ထူးခြားလှသည့် ကမ်းရိုးတန်းဒေသ သွင်ပြင်လက္ခဏာနှင့် နုန်းများ အနည်ပို့ချမှုပုံစံတို့ကြောင့် ဒီရေတောတွင် ကနဦးပေါက်ရောက်လေ့ရှိသည့် အပင်မျိုးစိတ်များကို နုန်း အနည်အနှစ်ပို့ချမှုများသော နေရာများတွင် ဟိုတစ်စု ဒီတစ်စု ပေါက်ရောက်နေသည်ကို တွေ့မြင်နိုင် ပါသည်။ မွန်ပြည်နယ်ရှိ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့၏ ကမ်းရိုးတန်းတစ်လျှောက်တွင် ပိုမို သိပ်သည်းသည့် ဒီရေတောအကွက်များကို တွေ့မြင်ရပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကဝ မြို့နယ်တွင်သာ ဒီရေတောများ ပေါက်ရောက်ပါသည်။ မော်လမြိုင်တက္ကသိုလ်နှင့် ပဲခူးတက္ကသိုလ်မှ အစောပိုင်းသုတေသနဆောင်ရွက်ချက်များအရ ပင်လယ်ကွေ့ဒေသရှိ ဒီရေတောမျိုးစိတ်များမှာ နည်းပါးသေးကြောင်း သိရှိရသည်။ ပေါင်မြို့နယ်ရှိ ဒီရေတော ၂ ခုအပေါ် မော်လမြိုင်တက္ကသိုလ်၊ ရုက္ခဗေဒဌာန၏ လေ့လာချက်တွင် ထိုဒီရေတောများ၌ ဒီရေတော မျိုးရင်း ၈ ခုအောက်မှ မျိုးကွဲ ၈ ခု၏ မျိုးစိတ် ၁၃ မျိုးသာ ပေါက်ရောက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ဒီရေတောများ ပျံ့နှံ့ပေါက်ရောက်မှုနည်းပါးသော်လည်း ထိုဒီရေတောအကွက်များသည် ဒေသ အတွက် အလွန်အရေးပါသောကြောင့် ဒေသခံပြည်သူများကလည်း ၎င်းတို့၏အရေးပါပုံကို အသိ အမှတ် ပြုကြပါသည်။ Myanmar Coastal Conservation Lab (MCCL)၊ ပဲခူးတက္ကသိုလ်မှ ရုက္ခဗေဒ ဌာနနှင့် Environmental Defense Fund (EDF) တို့သည် ဒေသခံများနှင့် ဂေဟစနစ်ဆိုင်ရာ အသိပညာနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီရေတောများသည် ငါးမျိုးစိတ်များအတွက် ငါးနေငါးထိုင်များ ဖန်တီးပေးခြင်း၊ ကဏန်းများအတွက် ကျက်စားရာနေရာ ပံ့ပိုးပေးခြင်း၊ ထင်း/မီးသွေးအတွက် အသုံးပြုခြင်း၊ ကမ်းပါးပြိုကျမှုမဖြစ်အောင် ကာကွယ်တားဆီး ပေးခြင်း၊ အသီးအနှံများကို ငါးစာအဖြစ်အသုံးပြုနိုင်ခြင်း၊ ဒီရေတောထွက်ပျားရည်ထုတ်ယူနိုင်ခြင်း နှင့် ဆေးဘက်ဝင်အပင်များခူးယူနိုင်ခြင်းတို့ကြောင့် အရေးကြီးကြောင်း ဖော်ပြခဲ့ကြသည်။
မုတ္တမပင်လယ်ကွေ့ဒေသရှိ ဒီရေတောများ၏ အဓိကအန္တရာယ်မှာ ဒီရေတောများအား လယ်မြေများ အဖြစ် ပြောင်းလဲခြင်းနှင့် မြေယာအသုံးပြုခွင့်ဆိုင်ရာပြဿနာများကြောင့် ရပ်ရွာလူထုက ဒီရေတော များကို အသုံးပြုခွင့်မရခြင်းစသည့် အခြားသောကိစ္စရပ်များပင်ဖြစ်သည်။ သို့ဖြစ်၍ တစ်ဦးနှင့်တစ်ဦး ရှင်းရှင်းလင်းလင်း ပူးပေါင်းညှိနှိုင်းဆွေးနွေးတိုင်ပင်၍ စနစ်တကျစီမံခန့်ခွဲရန် လိုအပ်သော စိုက်ပျိုး ရေး သို့မဟုတ် လယ်ယာမြေပိုင်ဆိုင်ခွင့်ပြဿနာများဖြစ်ပွားရာနေရာများတွင် ထိန်းသိမ်းကာကွယ် မှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ထိုကိစ္စရပ်များနှင့်စပ်လျဉ်း၍ မုတ္တမပင်လယ်ကွေ့ စီမံချက်သည် WIF Myanmar နှင့်ပူးပေါင်း၍ သထုံမြို့နယ်တွင် ကဏန်းထိန်းသိမ်းကာကွယ်ရေး နယ်မြေ ဖော်ဆောင်ခြင်းနှင့် ဒီရေတောများစိုက်ပျိုးခြင်းတို့ကို ကူညီပံ့ပိုးပေးပါသည်။ ဒီရေတောကို ဧက ၁၀၀၀ အထိ ချဲ့ထွင်နိုင်ရန် မျှော်မှန်းထားပါသည်။ ၂၀၂၀ ခုနှစ်တွင် မုတ္တမပင်လယ်ကွေ့ စီမံချက်၏ ပံ့ပိုးမှုဖြင့် ဒီရေတော ဧက ၃၀၀ အား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖြစ် သစ်တောဦးစီးဌာနက သတ်မှတ်ပေးခဲ့ပြီး ထိုသစ်တောတွင် ဒီရေတောအပင် ၂၅၀၀၀ စိုက်ပျိုး နိုင်အောင် ဒေသခံပြည်သူများအား ကူညီပေးခဲ့သည်။
ထို့ပြင် မုတ္တမပင်လယ်ကွေ့စီမံချက်နှင့် ကျေးရွာများရှိ ရပ်ရွာလူထု၏ စိတ်အားထက်သန်မှုဖြင့် စီမံချက်သည် ဒီရေတောထိန်းသိမ်းကာကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို မုတ္တမပင်လယ်ကွေ့ဒေသ အတွင်း ဂေဟစနစ်အခြေပြု ငါးလုပ်ငန်းစီမံခန့်ခွဲမှုနှင့်ပေါင်းစည်း၍ အဓိကထားဆောင်ရွက်လျက် ရှိသည်။